Thursday, May 10, 2012

နှလုံးသားမရှိရင် မန်ယူ ဖန်မလုပ်ဘူးကွ

နည်းနည်း တိုက်ရိုက် ကျတဲ့ ဥပမာနဲ့ ဆောင်းပါးကို စဖွင့်ချင် ပါတယ်။ လောကမှာ ဘယ်သူကမှ ကိုယ်ချစ်မြတ်နိုးလို့ ပေါင်းသင်းနေ တဲ့ ဇနီးသည်ကို ပြည့်တန်ဆာ တစ်ယောက် ဖြစ်စေချင်မှာ မဟုတ် ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် ဥပမာကို ရုတ်တရက် မျက်စိလည် သွား နိုင်တဲ့ အတွက် ပြန်ရှင်းပြ ပါရစေ။ ကျွန်တော်တို့ ဖြတ်သန်း ခဲ့ရတဲ့ ရှင်သန်နေထိုင်မှု အတွေ့အကြုံတွေ အရ ချစ်ခြင်းကို အခြေတည်တဲ့ မြတ်နိုး မှီတွယ် လိုစိတ်၊ ငွေကြေး ကို မျှော်ကိုး ရုံလောက်သာ တိုင်းတာ တတ်တဲ့ ဈေးပေါပေါ အဂတိ စိတ်တွေကို လူတိုင်း ထိတွေ့ မြင်သာ ခဲ့ဖူး ပါလိမ့် မယ်။ အရာရာကို ငွေကြေးနဲ့ တိုင်းတာ တန်ဖိုး ဖြတ်မယ် ဆိုရင် လေးစား ချစ်ခင်မှု ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် ကင်းမဲ့ သွားပါ လိမ့်မယ်။ ဒီလိုဆိုရင် လူတိုင်း အတွက် ချစ်ခြင်းမေတ္တာ နဲ့ ဖွဲ့သီတဲ့ အိမ်ထောင် တစ်ခုကို ထူထောင်နေ ဖို့ မလိုဘဲ အသွေး အသားနဲ့ ဈေးကစား ရုံလောက်နဲ့ အဆင်ပြေနေ မှာပါ။

ဟုတ်ကဲ့။ လူတစ်ယောက်၊ အကြောင်း အရာ တစ်ခု၊ အသင်း တစ်သင်း အပေါ် ချစ်မြတ်နိုး မှုကို ငွေကြေး ကဏ္ဍ တစ်ခု တည်းနဲ့ တိုင်းတာ တန်ဖိုး ဖြတ်ဖို့ ကြိုးစားမယ် ဆိုရင် ကျွန်တော့် အမြင်တော့ ပြည့် တန်ဆာကို ဇနီးတော် ထားတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ ခံစား ချက်ကို ဖွင့်ပြနေ သလို ပါပဲ။ ကျွန်တော် တိုက်ရိုက်ပဲ ပြောပါမယ်။ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ယူနိုက်တက် အပေါ် ချစ်ခင်မြတ်နိုး မှုကို လောင်း ကစား ငွေကြေး ကဏ္ဍ တစ်ခု တည်းနဲ့ နှိုင်းယှဉ် ချိန်ထိုး ကြည့်ရုံ အတွေး အခေါ်မျိုးလောက် သာ ရှိတဲ့ ဆောင်းပါး တစ်ပုဒ် အတွက် ဒီစာကို ကျွန်တော် ရေးဖြစ် ပါတယ်။ အသင်း တစ်သင်းကို ချစ်မြတ်နိုး တယ်ဆို တာဟာ ကိုယ့် အိမ်သူ သက်ထား အပေါ် ယုံကြည် အလေးထား ပုံအော ထားသလို အရာ ခပ်သိမ်း အဓိပ္ပါယ် ရှိတယ် ဆိုတာကို တချို့လူတွေ နားမလည် လို့လား၊ ဒါမှ မဟုတ် သူ့ ပတ်ဝန်းကျင်၊ သူ့ကျင်လည် ရာဟာ ငွေ အကြောင်းပဲ စဉ်းစား တတ်တဲ့၊ ငွေရရင် ဘာမဆို ရင်း တတ်တဲ့ အရိပ် အငွေ့တွေ ယှက်သန်းနေ လို့ ကိုယ့်စိတ် နဲ့နှိုင်းတတ် ကြတာလား ဆိုတာကို ကျွန်တော် မတွေး တတ်တော့ ပါဘူး။

ကျွန်တော့် သူငယ်ချင်း Red Daad က MyanmarStriker ၀က်ဘ်ဆိုက် မှာ “ဇမရှိရင် မန်ယူဖန် မလုပ်ဘူး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ် ရေးခဲ့ ဖူးပါတယ်။ Like အများဆုံး ဆုရပြီး ဆုငွေ အားလုံးကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ လှူဒါန်း ခဲ့တာ ကိုလည်း အားလုံး ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေး ခဲ့ပါတယ်။ ခုတော့ ကျွန်တော်လည်း Red Daad ကို အားကျလို့ ဆောင်းပါးလေး တစ်ပုဒ်လောက် ရေးကြည့် ဖို့ ကြိုးစားခဲ့ ပါတယ်။ ယူနိုက်တက် ပရိသတ် တစ်ယောက်ဟာ အသင်း အတွက် နှလုံးသား တစ်ခုလုံး မြှုပ်နှံအားပေးနေ တာကို ရည်စူးပြီး ဆောင်းပါးရဲ့ ခေါင်းစဉ်ကို “နှလုံးသား မရှိရင် မန်ယူဖန် မလုပ်ဘူး”လို့ အမည်ပေး လိုက်တာ ဖြစ်ပါတယ်။
 ယူနိုက်တက် ကို အဲရစ်ကန်တိုနာ လက်ထက်က ကျွန်တော် စပြီး အားပေးခဲ့ ပါတယ်။ ကော်လံကြီး တစ်ထောင်ထောင်နဲ့ ခပ်မိုက်မိုက် ပြင်သစ်သားဟာ ကျွန်တော့် ဘ၀ရဲ့ Hero တစ်ယောက် ဖြစ်လာ ခဲ့တယ်။ အဲဒီနောက် ယူနိုက်တက်နဲ့ ပတ်သက် သမျှ အရာရာ တိုင်းကို အလေး အနက် လေ့လာဖို့ ကျွန်တော့် ကိုယ် ကျွန်တော် အမြဲတမ်း တွန်းအားပေး ခိုင်းစေ တတ်လာ ပါတော့တယ်။ ကျွန်တော်ဟာ အသင်းနဲ့ ပတ်သက်တဲ့ အကြောင်း အချက် အလက်တွေကို ဦးနှောက်နဲ့ ရှာဖွေတယ်။ ပြီးရင် နှလုံးသားနဲ့ ခံစားတယ်။ မြူးနစ် လေယာဉ် ပျက်ကျမှု အတွက် ကြေကွဲ ခဲ့သလို ဥရောပ ဖလားကို အင်္ဂလန် ကလပ်တွေထဲမှာ အရင်ဆုံး ရယူနိုင် ခဲ့ဖူးတာ သိလာ ရတော့ ဂုဏ်ယူတတ် ခဲ့တယ်။ ယူနိုက်တက် ဆိုတဲ့ အသင်းကို မဖွဲ့စည်းခင်က နယူတန် ဟိသ်ဆိုတဲ့ အသင်းငယ်လေးရဲ့ အစိမ်းနဲ့ အ၀ါကျား တံဆိပ်ကို ရအောင်ရှာပြီး Facebook ရဲ့ Avatar မှာ တင်ချင်တဲ့ အထိ ရူးသွပ် တတ်ခဲ့တယ်။ နောက်ပိုင်း မှာတော့ အင်္ဂလန်က အနီရောင် ဂျာစီဝတ် မဟာ အသင်းကြီးကို နှလုံးသား တစ်ထောင့် တစ်နေရာမှာ ခမ်းခမ်း နားနား နေရာ ပေးထား တာဟာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကို တူညီတဲ့ ခံစားချက် တစ်ခုအောက်က နှလုံးသွေးကြောတွေ ဆက်နွယ်မှု အရ ပိုပြီး သိလာရ ပါတယ်။

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဟာ ယူနိုက်တက်ပွဲ ကြည့်ပြီးရင် ရှုံးရှုံးနိုင်နိုင် တစ်ညလုံး အိပ်လို့ မရဘဲ မျက်စိကြောင် သွားတတ်တယ်။ နိုင်ရင်လည်း ပျော် လို့၊ ရှုံးရင်လည်း ၀မ်းနည်းလို့ ဆိုပြီး တစ်ညလုံး စိတ်ကူးတွေနဲ့ နပမ်း လုံးနေတတ် ပါတယ်။ သူ့ကို ဆရာဝန်က ယူနိုက်တက် ပွဲတွေ မကြည့်ဖို့ သတိပေး ပါတယ်။ ပြီးတော့ ရှင်းပြတယ်။ ဒါဟာ ညင်သာတဲ့ စိတ်ဝေဒနာ တစ်ခု ပါတဲ့။ အလွန်အကျွံ စွဲလန်းမှု အခြေအနေ တစ်ခုကို ဦးနှောက်က မတွန်း လှန်နိုင်ဘဲ အိပ်လို့ မရတော့ တာလို့ ပြောပြပါတယ်။ ယူနိုက်တက်ကို အစဉ် တစိုက် ဆန့်ကျင်နေတဲ့ လူတွေ ကတော့ စိတ်ဝေဒနာသည် ဆိုတာကို တိုက်ရိုက် ညီမျှခြင်း ချပြီး ကျွန်တော့် သူငယ်ချင်းကို အရူးလို့ ပြောချင် ပါလိမ့်မယ်။ သူက ပြောပါတယ်။ “လူတိုင်း တစ်မျိုးစီ ရူးတာပဲ။ ငါက ငါကြိုက်တဲ့ အသင်းကို စွဲလန်းပြီး ရူးတာ။ မင်းတောင် လိုက်ရူး ချင်တိုင်း ရူးလို့ မရဘူး မဟုတ် လား”တဲ့။ ပြော ပြီး သူက ရယ်ပါတယ်။ ခုထိ ကျွန်တော့်ဘော်ဒါဟာ ယူနိုက်တက် ကစားတဲ့ ပွဲတွေကို မက်မက်မောမော ကြည့်နေ တုန်းပါ။ သူဟာ ယူနိုက်တက်ကို အားပေးရင်း သွက်သွက်ခါ သွားမယ် ဆိုရင်တောင် နောင်တ ရမယ့်ပုံ မပေါ် ပါဘူး။

ကမ္ဘာပေါ်မှာ ပရော်ဖက်ရှင်နယ် ကလပ် အသင်းပေါင်း မရေ မတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လူဦးရေ စုစုပေါင်း အပုံ(၂၀)မှာ (၁)ပုံလောက် ထိ များပြားတဲ့ လူတွေက အနီရောင် ရဲရဲ ၀တ်စုံနဲ့ အသင်း တစ်သင်း ကိုပဲ အားပေးနေတာ ဖြစ်ပါတယ်။ ဒီထဲမှာ ဘယ်နှ ရာခိုင်နှုန်းက ယူနိုက်တက် ဘက်က ငွေကြေး အလောင်း အစား လုပ်ပြီး နိုင်လို့ အသင်းကို အားပေးနေ တယ်လို့ ထင်ပါသလဲ။ အလောင်းအစား စိတ်ဝင် စားသူဟာ ယူနိုက်တက် တင် မကဘူး၊ ဘယ်ပွဲ မဆို သူစိတ်ကြိုက်တွေ့ ရင် လောင်းမှာ ပါပဲ။ အဲဒီ အတွက် နိုင် ချင်နိုင် မယ်၊ ရှုံးချင် ရှုံးမယ်။ ဒါပေမဲ့ ယူနိုက်တက် ကစားတဲ့ ပွဲတွေ လောင်း လို့ ရှုံးရ ပါတယ် ဆိုတာလောက် ကို ဇာချဲ့ပြီး ယူနိုက်တက် ပရိသတ်တွေရဲ့ သဘော သဘာဝကို ထင်ရာ မြင်ရာ ကောက်ချက် ဆွဲမယ် ဆိုရင် ကျောက်သင် ပုန်းလောက် ကိုင်ဖူးပြီး New iPad အကြောင်းကို အာပေါင် အာရင်း သန်သန် ရှင်းပြနေ တဲ့ အဆန်ချောင် လူသား တစ်ယောက်လောက် အဆင့်ပဲ ရှိမယ် ဆိုတာ တွေးတတ် ဖို့ လိုပါတယ်။

စိတ်ဝိညာဉ် တစ်ခုလုံး မြက်ခင်း စိမ်းပေါ်က ကစားသမား (၁၁)ယောက်နဲ့ တစ်သားတည်း ကျဖို့၊ အသင်းနိုင်ပွဲ ရတဲ့အခါ ဘာ အနှောင်အဖွဲ့မှ မပါဘဲ လွတ်လပ်စွာ ရယ်မောဖို့၊ အသင်း ရှုံးပွဲကြုံတဲ့ အခါ ဘာစီလိုနာ နဲ့ ပွဲမှာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လက်လိုပဲ ကျွန်တော်တို့ နှလုံးသားတွေ တဆတ်ဆတ် တုန်ခါနေ တတ်ဖို့ ဆိုတာ ယူနိုက်တက် ပရိသတ်တွေ မသင် ယူဘဲ တတ်မြောက် ခဲ့တဲ့ ပင်ကိုယ် အသိတွေ ဖြစ်ပါတယ်။ ကျွန်တော် တို့ဟာ ငွေကြေး အနိုင် ရလဒ် တစ်ခု အတွက်ပဲ အခြေပြုပြီး စဉ်းစားမယ် ဆိုရင် ယူနိုက်တက်ကို အား မပေးတော့ ပါဘူး။ တော နယ်တွေ ဘက် ဆင်းပြီး ကြက်တိုက်နေ တဲ့ ပွဲတစ်ခု ခုမှာ ၀င်လောင်း လိုက်ပါ့မယ်။ ခုဟာက ငွေကြောင့် မဟုတ် ပါဘူး။ ကျွန်တော် တို့ရဲ့ စိတ်ခံစားချက် အားလုံးကို ဆွဲယူ သိမ်းဆည်းဖို့၊ ကျွန်တော် တို့ရဲ့ မာန်မာနတွေကို ထောင် လွှားစေ ဖို့၊ ကျွန်တော်တို့ရဲ့ နာကျင် မှုတွေကို စီးမျော လိုက်ပါစေဖို့ အတွက် ယူနိုက်တက်ကို အသည်းပေါက်အောင် အားပေးနေ တာ ဖြစ်ပါ တယ်။

ယူနိုက်တက်နဲ့ ဆန့်ကျင်ဘက် အရပ်မှာပဲ နေပျော်မယ် ဆိုတဲ့ သူငယ်ချင်း တစ်ယောက်က ပြောဖူး ပါတယ်။ “မင်းတို့ အသင်း ပရိသတ် ဆိုတာ အလကား ပါကွာ။ တချို့ဆို ပွဲထွက် (၁၁)ယောက်တောင် ဘယ်သူမှန်း မသိဘူး။ သူများ မန်ယူလို့ လိုက် မန်ယူနေတာ” တဲ့။ ကျွန်တော် မငြင်းလို ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ ယောင်တောင်တောင် ယူနိုက်တက် ပရိသတ်တွေ ရှိကောင်း ရှိ ပါမယ်။ ဒါပေမဲ့ အဲဒီ အတွက် ယူနိုက်တက် ပရိသတ် အားလုံး ယောင်တောင်တောင် ပါဆိုတဲ့ Logic မျိုး ခပ်တည်တည် ဆွဲမိ ရင်တော့ လူကြီးမင်း ဟာ မှန်ရှေ့မှာ မတ်တပ် ရပ်၊ ကိုယ့် အရိပ်ကိုယ် လက်ညှိုး ထိုးပြီး “အရူး”လို့ ကျေကျေ နပ်နပ်ကြီး ရေရွတ် သင့်ကြောင်း အကြံပြု ပါရစေ။

စကားလုံးတွေ အများကြီး ဖောင်းပွနေအောင် ညွှန်းဖွဲ့မနေချင်တော့ ပါဘူး။ ယူနိုက်တက် အကြောင်း ဘယ်လောက် သိသလဲ ဆိုတဲ့ မေးခွန်းမျိုး ကို “ကျွန်တော် သိပ် မသိပါဘူး” လို့ပဲ ဖြေ ပါမယ်။ “ယူနိုက်တက်ကို ဘယ်လောက် ချစ်သလဲ” ဆိုတဲ့ မေးခွန်းမျိုး ကိုတော့ “နှလုံးသား စိတ် ဆန္ဒတိုင်းနဲ့ ထပ်တူ ချစ်ပါ တယ်” လို့ ကျွန်တော် ဖြေဖြစ်မယ် ထင်ပါတယ်။ ကျွန်တော့်လို အဖြေမျိုးကို နှုတ်ထွက် စကားနဲ့ ပြောပြ မနေတဲ့ တခြား ယူနိုက်တက် ပရိသတ် အမြောက် အမြား ရှိနေဦးမယ် လို့လည်း ရိုးရိုး သားသား ယုံကြည်မိ ပါတယ်။ ကိုယ် ချစ်မြတ်နိုး တဲ့၊ ကိုယ် တန်ဖိုး ထားတဲ့ အရာ တစ်ခုကို ထိပါး လာရင် ဘယ်သူမှ မခံချင် ပါဘူး။ ကိုယ်ချင်းစာ တရား ဆိုတာကို စာလုံး မှန်မှန်လောက် ပေါင်းတတ် ရုံနဲ့တင် ယူနိုက်တက် ပရိသတ်တွေ ဘာကြောင့် အရေပြား ပါးသလဲ ဆိုတာ တွေး ကြည့်နိုင်လောက်အောင် တချို့သော သူတွေ ဥာဏ် မှီမယ်လို့ ထင်ပါ တယ်။

ကျွန်တော်တို့ဟာ အသင်းကို နှလုံးသားနဲ့ ထပ်တူ တန်ဖိုးထား ချစ်မြတ်နိုး ပါတယ်။ နှလုံးသားနဲ့ ရင်းပြီး ခင်တွယ် ပါတယ်။ ဒါပေမဲ့ တစ်ချိန်က ကြားသိ ခဲ့ဖူးတဲ့ လူပုဂ္ဂိုလ် တစ်ယောက် အကြောင်း ပြန်တွေး မိတဲ့ အခါ ကျွန်တော် ခုချရေးနေတဲ့ စကားလုံးတွေ အတွက် လိပ်ပြာ မသန့် ပါဘူး။ ယူနိုက်တက် ပရိသတ်တွေ အသင်းကို ဘယ်လို ခံယူချက် မျိုးနဲ့ ချစ်မြတ်နိုး ရမလဲ ဆိုတာကို အကောင်းဆုံး သင်ကြားပေး ဖူးသူ တစ်ယောက် ရှိခဲ့ဖူး ပါတယ်။ တစ်ချိန်က သူ့အကြောင်း ပါလာတဲ့ ဂျာနယ် ဖြတ်ပိုင်းလေး ကို ကျွန်တော် ခေါင်းရင်းမှာ သိမ်းထား ဖူးပါတယ်။ ကျွန်တော့် မိသားစုက အခန်း ရှင်းရင်း အဲဒီ စာရွက် အပိုင်းလေးကို လွှင့်ပစ် လိုက်တော့ ကျွန်တော် ဒေါသ အရမ်းထွက် ခဲ့ဖူးတယ်။ ထားပါတော့။ သူ့ အဖြစ်အပျက်လေး ကို နည်းနည်း ဇာတ်ကြောင်း ပြန်ပြ ပါမယ်။
Olympic ဂျာနယ်မှာ ဟိုး အရင်တုန်းက ကိုယ်နှစ် သက်တဲ့ အသင်းလေးတွေကို ကိုယ်စားပြုပြီး ဖန်ကလပ်လေးတွေ ဖွဲ့ပေးဖူး ပါတယ်။ ယူနိုက်တက် ပရိသတ်တွေရဲ့ ကိုယ်ပိုင် အမှတ်စဉ် ရှေ့မှာ EMU (English Manchester United) ဆိုတဲ့ သတ်မှတ် ချက်လေး ပါတယ်။ အဲဒီ တုန်းက ယူနိုက်တက် ပရိသတ် လူငယ် တစ်ယောက်ဟာ ရောဂါကြောင့် လူ့ဘ၀ကို ကျောခိုင်း ရတော့ မယ် ဆိုတာ သိလာတဲ့ တစ်နေ့မှာ သူ့ မိသားစုကို သူ့ ဆန္ဒတစ်ခု အတွက် မှာကြား ခဲ့ပါတယ်။ သူ ကွယ်လွန်ရင် သတင်းစာက နာရေး သတင်းမှာ သူ့ရဲ့ EMU ကိုယ်ပိုင် အမှတ်ကို ထည့်သွင်း ဖော်ပြပေးဖို့ ပါပဲ။ အဲဒီနောက် သူချစ်တဲ့ မိသားစု၊ သူချစ်တဲ့ ယူနိုက်တက် ကို မျက်ကွယ် ပြုခဲ့ ရှာတယ်။ ကျန်ရစ်သူ မိသားစုက သူ့ဆန္ဒ အတိုင်း ဆောင်ရွက်ပေး ခဲ့ပါတယ်။ သူ့ရဲ့ နာရေး သတင်းကို ဖတ်မိတဲ့ အခါ Olympic ဂျာနယ်က အဲဒီ မိသားစုကို ဆက်သွယ်ပြီး နောက်ဆုံး ထွက်သက်ထိ ယူနိုက်တက် ကို ချစ်သွားတဲ့ ပရိသတ် လူငယ်လေး အကြောင်း အမှတ် တရ ဖော်ပြပေးခဲ့ ဖူးပါတယ်။

ကျွန်တော့်ရဲ့ ဘ၀မှာ အလေးစားဆုံး ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေးဗစ် ဘက်ဟမ်း၊ ဦးသန့်၊ ဘာရတ် အိုဘားမား ဘယ်သူ မဆို ဖြစ်နိုင်ကောင်း ပါတယ်။ ဒါပေမဲ့ အား အကျဆုံး ပုဂ္ဂိုလ် ကတော့ အမည် မမှတ်မိတော့ တဲ့ အဲဒီ ယူနိုက်တက် ပရိသတ်လေး ပါပဲ။ သူဟာ နောက်ဆုံး ထွက်သက် ကို တုန်တုန် လှုပ်လှုပ် စောင့်မျှော်နေရ ရင်တောင် ယူနိုက်တက် ကို ချစ်တဲ့ စိတ်ကို ကျော မခိုင်းဖို့ ကျွန်တော် တို့ကို အသံတိတ် သင်ကြားပေး ခဲ့ပါတယ်။ ကျွန်တော် ဒီဆောင်းပါးကို မရေးခင် သက်ဆိုင်ရာ ဂျာနယ် တိုက်ကို ဆက်သွယ် ဖို့ ကြိုးစားခဲ့ ပါသေးတယ်။ ယူနိုက်တက် ကို ဘယ်လို ခံယူချက်နဲ့ ချစ်မြတ်နိုး တတ်ရ မလဲ ဆိုတာကို လမ်းညွှန် ပြသွားတဲ့ ပုဂ္ဂိုလ်ရဲ့ နာမည်ကို ကျွန်တော် အမှတ် မရတော့ တာ၊ ခုဆောင်းပါး မှာ မဖော်ပြနိုင် တာဟာ ကျွန်တော့် ညံ့ဖျင်းမှုကြောင့် ပါပဲ။ သူ့ အကြောင်းကို ပြန်ဖော်ထုတ် ပြနိုင် ဖို့တော့ ကျွန်တော် ကြိုးစား ပါဦးမယ်။

ကောင်းပါပြီ။ ကျွန်တော် ရေးပြ ခဲ့တဲ့ ဖြစ်စဉ်တွေ အားလုံးဟာ မဟုတ် မမှန် တစ်ခွန်းမှ မပါ ပါဘူး။ ယူနိုက်တက်ကို ချစ်မြတ်နိုး ခြင်းဟာ လောင်းကြေးနိုင် မနိုင်နဲ့ ဆိုင်သလား ဆိုတာ ကျွန်တော်တို့ စကားလုံးတွေနဲ့ သက်သေ ပြဖို့ လိုနေ ဦးမှာလား။ နောက်ဆုံးနေ့ရက် ကို လက်ချိုးရေ တွက်ရင်း စောင့်နေရ ချိန်မှာတောင် ဒီဘ၀မှာ ယူနိုက်တက် ကို အားပေးရင်း သေဆုံး သွားတာကို ဂုဏ်ယူရဲ ခဲ့တဲ့ ပရိသတ်တွေ ကျွန်တော် တို့ရှေ့မှာ ရှိခဲ့ ပါတယ်။ သူတို့ရဲ့ နှလုံးသား၊ သူတို့ရဲ့ လေးနက်မှုကို အလောင်း အစား မနိုင်လို့ လှောင်ပြောင် စရာ တစ်ခုလို၊ ယူနိုက်တက် ပရိသတ်တွေ သနား စရာကောင်း လိုက်တာ ဆိုတဲ့ ခပ်ပေါပေါ အသုံး အနှုန်းတွေနဲ့ ရိသလို လုပ်ပြ ရလောက်အောင် ဘယ်သူတွေ မျက်နှာပြောင် ချင်ကြပါ သလဲ။

ကျွန်တော် တို့ဟာ ယူနိုက်တက် ပရိသတ်တွေ ဖြစ် ပါတယ်။ ၀င်သက်၊ ထွက်သက်ရဲ့ အနုစိတ် စက္ကန့် အပိုင်း အခြား တိုင်းမှာ ယူနိုက်တက် ကို ချစ်တဲ့သွေးတွေဟာ ကျွန်တော် တို့ရဲ့ နှလုံးသည်းပွတ် ထဲ စီးဝင်နေ ပါတယ်။ ကျွန်တော် တို့ဟာ မနေ့က ယူနိုက်တက်ကို ထောက်ခံ ခဲ့သူတွေ ပါ။ ဒီနေ့မှာ ယူနိုက်တက် အတွက် ဂုဏ်ယူနေရင်း မနက်ဖြန် ရောက် ရင်လည်း ယူနိုက်တက် ကို ချစ်မြတ်နိုးရင်း ရှင်သန်နေ ပါမယ်။ ကျွန်တော်တို့ ယူနိုက်တက်ကို ချစ်တယ် ဆိုတာဟာ ဂျာနယ်တွေက ကောင်း တာရေးလို့ မဟုတ် သလို ယူနိုက်တက် ရဲ့ ပြိုင်ဘက်တွေ ကို မုန်းတီးနေ လို့လည်း မဟုတ်ခဲ့ ပါဘူး။ ကျွန်တော် တို့ရဲ့ နှလုံးသားတွေက စေ့ဆော် တိုက်တွန်းမှု တစ်ခုကြောင့်သာ ဒီအသင်းရဲ့ အမည် နာမတော်မှာ ပျော်ဝင် မြတ်နိုးနေတာ ဖြစ်ပါတယ်။

မြန်မာ စာပေမှာ “မင်းတုတု၊ ခွေးသေသေ”ဆိုတဲ့ စကားလေး တစ်ခွန်းကို ကြားသိဖူး ပါတယ်။ တချို့လူတွေက ယူနိုက်တက် ပရိသတ်တွေ ရဲ့ အသင်း အပေါ် ထားရှိတဲ့ စိတ်နှလုံး ကို အတိအကျ မခံစား တတ်ဘဲ အတု အယောင် ထင်ရာ မြင်ရာ စွပ်စွဲပြီး “မင်းတုတု” တဲ့ အခါ “ခွေးသေသေ” ပြီး ဇာတ်သိမ်း မကောင်း မဖြစ် ဖို့တော့ စေတနာ ရင်းနဲ့ ဆုတောင်းပေး ချင်မိ ပါတယ်။

                                                                   Myanmar Striker မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်..
                                                                                            Always M Utd
                                                                                                    ချစ်မွှေး(ICT)


 
Manchester United